Wednesday, June 17, 2026

ကျောက်စာတွေထဲက ပုဂံ

 ဦးရဲထွဋ်

“ ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ (၅)၊ ရေးသူ နီတွတ် ရတနာပုံ သမိုင်းပါမောက္ခ ( ၂၀၀၅-၂၀၁၅)

ပန်းဆိုးတန်း Book Tree စာအုပ်ဆိုင်မှာ စာပေမိတ်ဆွေတချို့နဲ့ စကားပြောရင်း ပုဂံခေတ်ဗုဒ္ဓဘာသာအကြောင်း စကားစပ်မိတော့  မိတ်ဆွေတစ်ယောက်က ဒီစာအုပ် ဖတ်ကြည့်ပါ လားဆိုပြီး ငှားပေးလိုက်တယ်။ 

ဒီစာအုပ်က ဒီနေ့အချိန်အထိ ရှာဖွေတွေ့ရှိထားတဲ့ ပုဂံခေတ် ကျောက်စာတွေကိုလေ့လာပြီး ပုဂံ ခေတ်လယ်နဲ့ နှောင်းပိုင်းကာလလို့ သတ်မှတ်ထားတဲ့ ၁၁၆၈ ခုနှစ် ( သက္ကရာဇ် ၅၃၀) နောက်ပိုင်း အကြောင်းအရာ ၅ ခုကို ရေးသားထားတာဖြစ်ပါတယ်။ စာအုပ်ကို ဖွင့်လိုက်တာနဲ့  ဒုတိယစာမျက်နှာမှာ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ “အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင် စာအုပ်အသစ်မရေးနဲ့” ဆိုတဲ့ သုတေသနဆိုင်ရာ လမ်းညွှန်ချက်ကို မျက်နှာပြည့်ဖော်ပြထားတယ်။ 

လက်တွေ့မှာလည်း ဆရာနီတွတ်ဟာ ကျောက်စာပါအချက်အလက်များကို သာအခြေပြုလေ့လာ သုံးသပ် ရေးသားထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကြားဖူး၊ မှတ်သားဖူးတဲ့  ပါးစပ်ရာဇဝင်တွေ၊ အစဉ်အလာအရ ယုံကြည်လက်ခံထားတာတွေနဲ့ ကွဲလွဲတဲ့ အသိအမြင် သစ်တွေ အပြင် ဆက်စပ်တွေးရမဲ့ အချက်အလက် တွေကိုလည်း  ရလိုက်ပါတယ်။ 

ဒီလိုရေးတဲ့အခါ မှာ ဆရာနီတွတ်က သမိုင်းသုတေသန သမားတွေ လိုက်နာရတဲ့ စည်းကမ်း တွေ ဖြစ်တဲ့ “မှားတာပြင်၊ လိုတာ ဖြည့်၊ အရင်လူကို အပြစ်မပြောရ။”

“တွေ့တာကိုရေး၊ လိုချင်တာမရှာနဲ့” ဆိုတဲ့ စကားတွေအတိုင်း လိုက်နာခဲ့ကြောင်းနဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းပြောတဲ့ “သုတေသနဆိုတာ အပြောလွယ်၊ အလုပ်ခက်” ဆိုတဲ့ စကားကို လည်း သတိရမိကြောင်းဖော်ပြထားပါတယ်။  

ဒီစာအုပ်က ရလိုက်တဲ့  အသိအမြင်သစ်တွေကို သာဓက အဖြစ် ပြောရရင် အခန်း (၁) ပုဂံမှာ ဗုဒ္ဓဘာသာ သီဟိုဠ်ဂိုဏ်းထွန်းကားခဲ့မှု နဲ့ပတ်သက်ရင် ၁၁၆၈ ခုကနေ ၁၂၈၂ ခုနှစ်အထိ နှစ်ပေါင်း ၁၁၄ နှစ်အထိ ထွန်းကားခဲ့တယ်ဆိုတာကို ကျောက်စာအထောက် အထားတွေနဲ့ ဖော်ပြထားတဲ့အပြင် ပုဂံခေတ်နောက်ပိုင်း နှစ်ပေါင်းနှစ်ရာလောက်ကြာမှ ရေးထိုးခဲ့တဲ့ ပဲခူးကလျာဏီသိမ် ကျောက်စာပါ ပုဂံသာသာနာဆိုင်ရာဖော်ပြချက်တွေနဲ့ နှိုင်းယဉ်သုံးသပ်ထားတာတွေ့ရတယ်။ 

အဲဒီထက်အရေးကြီးတာက အဲဒီ သီဟိုဠ်ဂိုဏ်းကို ထူထောင်ခဲ့တဲ့ သံဃာတော်တွေဟာ သီဟိုဠ်ကျွန်းသားတွေမဟုတ်ဘဲ သီဟိုဠ်မှာ ပညာသင်ခဲ့တဲ့ ကမ္ဗောဇတိုင်းသား သံဃာတွေ ဖြစ်တယ်ဆိုတာကို ဖော်ထုတ်တင်ပြထားပြီး ကျောက်စာပါ ကမ္ဗောဇဆိုတာဟာ ယနေ့ခေတ် ကမ္ဘောဒီးယား ဖြစ်နိုင်တယ်လို့ သုံးသပ်ထားတဲ့အချက်ဖြစ်ပါတယ်။ 

ဒါ့အပြင် ဦးကုလားရာဇဝင်နဲ့ မှန်နန်းရာဇဝင်တွေမှာ ပဋိက္ကရားမင်းစေလွှတ်လိုက်တဲ့ သူရဲကောင်း ရှစ်ယောက် သတ်လို့ သေဆုံးရတယ်ဆိုတဲ့ ကုလားကျမင်းနဲ့ပတ်သက်ပြီး လူလွှတ်ပြီး သတ်တာ မဟုတ်ဘူး၊ သီဟိုဠ်ဘုရင် ပရက္ကမဗာဟု လက်ထက်မှာ  ပုဂံနဲ့ သီဟိုဠ်ကြားမှာ သံတမန်ရေးကို အကြောင်းပြုပြီး ၁၁၆၄ ခုနှစ်ကနေ ၁၁၆၇ ခုနှစ် ထိ သုံးနှစ်ကြာစစ်ဖြစ်ခဲ့တယ်။ 

အဲဒီစစ်ပွဲမှာ  ကုလားကျမင်း (ကျောက်စာပါအမည် ဣမ်တဝ်သျှင် )  လုပ်ကြံသတ် ဖြတ်ခံရတယ်ဆိုတဲ့ အချက် အလက်များကို ကျောက်စာပါအချက်များနဲ့  ဆရာကြီးဒေါက်တာသန်းထွန်းရေးသားချက်များကို ကိုးကားပြီး ဖော်ပြထားပါတယ်။ 

နောက်သာဓကတစ်ခုကတော့ ပုဂံမှာ ဘိက္ခုနီသာသနာဟာ ၁၁၆၈ ခုနှစ်ကနေ ၁၂၇၇ ခုနှစ် အထိ နှစ်ပေါင်း ၁၀၉ နှစ်ထွန်းကားခဲ့တယ်ဆိုတာကို ကျောက်စာတွေမှာ တွေ့ရှိရတဲ့ အလှူမှတ်တမ်းများကနေ ခြေရာကောက်တင်ပြထားတာဖြစ်ပါတယ်။ ဘိက္ခုနီ အမည်များကို ဖော်ပြထားတဲ့ ကျောက်စာများကို တွေ့ရှိခဲ့တဲ့ နေရာတွေအရ ဘိက္ခုနီ သာသနာဟာ အနည်းဆုံး ပုဂံ၊ ယင်းတော်၊ စလေ၊ မြိုင်၊ ရေနံချောင်းဒေသများမှာ ထွန်းကားခဲ့တယ်လို့ ဆိုပါတယ်။ အရင်လေ့လာဖတ်ရှုထားခဲ့တာတွေအရ မြန်မာနိုင်ငံမှာ ဘိက္ခုနီသာသနာမရှိခဲ့ဖူးလို့ပဲ သိထားတဲ့ ကျွန်တော့် အတွက်တော့  သတင်းအချက်အလက်အသစ် ပါပဲ။ 

အဲဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံမှာ ဘိက္ခုနီသာသနာ ပြန်လည်ပေါ်ထွန်းနိုင်ရေးအတွက် ၁၉၃၄ ခုနှစ်မှာ ရှင်အာဒိစ္စဝံသက ကြိုးစားခဲ့ပေမဲ့  ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေနဲ့  ကြုံတွေ့ပြီး မအောင်မြင်ခဲ့တဲ့အကြောင်း၊ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံက သီလရှင်မသစ္စဝါဒီ ( အသက် ၃၈၊ သိက္ခာ ၁၆) ဟာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ တပေါဓာနာရုံ ကျောင်းတိုက်သိမ်မှာ ဘိက္ခုနီ အဖြစ်ခံယူခဲ့ပြီး ၂၀၀၄ ခုနှစ် မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အခါ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က သီးခြားဝိနည်းဓိုရ် အဖွဲ့နဲ့ စစ်ဆေးခဲ့တဲ့အကြောင်းနဲ့ မသစ္စဝါဒီရဲ့ ဘိက္ခုနီပြုမှု ဟာ အဓမ္မဝါဒ၊ အဝိနယဝါဒဖြစ်ကြောင်း၊ ဘိက္ခုနီဘဝကို အပြီးအပြတ်စွန့်လွှတ်ဖို့ လိုတယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းတွေကိုပါ ဆက်စပ်သိရပါတယ်။ 

နောက်ထပ်စိတ်ဝင်စားစရာဆောင်းပါးတစ်ပုဒ်ကတော့ မြစေတီကျောက်စာလို့ လူသိများတဲ့ ကျန်စစ်သားမင်းရဲ့ သားတော် ရာဇကုမာရ် ရေးထိုးခဲ့တဲ့ ကျောက်စာကနေ ပုဂံနန်းတွင်းရေး နဲ့ ရာဇကုမာရ် ရဲ့ သမိုင်းကြောင်းကို ပြန်ရှာဖွေဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။   အဲဒီဆောင်းပါး မှာ ရာဇကုမာရ်ကျောက်စာကို ၁၁၁၃ ခုနှစ်မှာရေးထိုးပြီးတဲ့နောက် ရာဇကုမာရ်အကြောင်းကို ကျောက်စာတွေမှာ မတွေ့ရတော့ဘဲ နှစ်ပေါင်း ၅၃ နှစ်ကြာ ၁၁၆၆ ခုနှစ်ထိုး ကျောက်စာမှာ ရာဇကုမာရ်လို့ ယူဆရတဲ့ ရာဇသူရ်အမည်နဲ့ ပြန်တွေ့တဲ့ အကြောင်းနဲ့ အဲဒီ ၅၃ နှစ်ကာလမှာ ရာဇကုမာရ် ဘာဖြစ်နေလဲဆိုတာကို သုံးသပ် ရေးထားတာကလည်း စိတ်ဝင်စား စရာပါပဲ။

ဒီစာအုပ်မှာ အခန်း ၅ ခန်း နဲ့ နောက်ဆက်တွဲဆောင်းပါး သုံးခုပါတယ်။ အဲဒါတွေကတော့ 

(က) အခန်း ၁ ကမ္ဘောဇတိုင်းသားမထေရ်တို့ တည်ထောင်သော သီဟိုဠ်ဂိုဏ်း ( ၁၁၆၈-၁၂၈၂)။

( ခ) အခန်း ၂ ကျစွာမင်း၏ ခိုးသားအန္တရာယ်ကာကွယ်ရေးစီမံချက် (၁၂၄၉)။

(ဂ) အခန်း ၃ ဘိက္ခုနီသာသနာနှင့် သတင်သည် (၁၁၆၈-၁၂၆၆။ ၁၂၁၈-၁၂၈၃)။ ( သဘင်သည် မဟုတ်ပါ။ ဘုရားကျောင်းကန်များတွင်  သီတင်းသီလဆောက်တည်သူများကို ပုဂံခေတ် ကျောက်စာများတွင် သတင်သည် ဟုရေးသားခြင်းဖြစ်သည်။ ) 

(ဃ) အခန်း ၄ အရိမဒ္ဒနပူရပြည် ပျက်သုဉ်းပုံ( ၁၂၇၉-၁၃၀၂)။

(င) အခန်း ၅ ငြိမ်းချမ်းရေး သံတမန် ( ၁၂၈၅-၁၂၈၇)။

( စ) နောက်ဆက်တွဲ ၁ ပုဂံနန်းတွင်းရေးနဲ့ ရာဇကုမာရ် ( ၁၁၁၃)။

(ဆ) နောက်ဆက်တွဲ ၂ ပုဂံခေတ် ပြက္ခဒိန်စနစ်။ 

( ဇ) နောက်ဆက်တွဲ ၃ ပုဂံမြို့လူဦးရေ ( ၁၇၈၃-၁၉၂၁)

ဒီစာအုပ်အပါအဝင် ဆရာ နီတွတ်ပြုစုထားတဲ့  ရှေးမြန်မာကျောက်စာလေ့လာချက် စာအုပ် အတွဲ (၇) တွဲ ရှိတယ်။ စာအုပ်တိုင်းမှာ မူရင်းကျောက်စာဓာတ်ပုံ၊ ကူးယူထားတဲ့ လက်ရေးမူ၊ ကျောက်စာ တွေ့ရှိတဲ့ ဘာသာရေးအဆောက်အအုံရဲ့ ဓာတ်ပုံ၊ ပုံကြမ်း၊ မြေပုံ စတာတွေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံဖော်ပြထားတာတွေ့တဲ့အတွက် ကျမ်းပြုသူရဲ့ လုံလစိုက်ထုတ်မှုနဲ့  စေတနာကို လေးစားချီးကျူးမိပါတယ်။ ကျောက်စာတွေက ပြောပြထားတဲ့ ပုဂံသမိုင်းကို လေ့လာမယ်ဆိုရင်တော့အတွဲ (၅)တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အတွဲအားလုံးကို လေ့လာမှ ပြည့်စုံမှာဖြစ်ပါတယ်။ ကျမ်းပြုသူရဲ့ အယူအဆ တွေအပေါ် ကွဲလွဲတဲ့ အမြင်တွေရှိတယ်ဆိုရင်လည်း ခုနစ်တွဲလုံးကို လေ့လာပြီးမှ ဆွေးနွေးနိုင် မှာ ဖြစ်ပါတယ်။ 

ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ (၁) မှ (၇) ထိ

နီတွတ် ။ ရတနာပုံ သမိုင်းပါမောက္ခ ( ၂၀၀၅-၂၀၁၅)

အတွဲ (၅) ထုတ်ဝေရက်စွဲ။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ 

ထုတ်ဝေသူ။ ပြည်အေးစာပေ။ ၇၀၆ ပုလဲလမ်း၊ ၃၃ တိုးချဲ့၊ မြောက်ဒဂုံ။






No comments:

Post a Comment

ကျောက်စာတွေထဲက ပုဂံ

 ဦးရဲထွဋ် “ ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ (၅)၊ ရေးသူ နီတွတ် ရတနာပုံ သမိုင်းပါမောက္ခ ( ၂၀၀၅-၂၀၁၅) ပန်းဆိုးတန်း Book Tree စာအုပ်ဆိုင်မှာ စာ...