Monday, July 7, 2025

မြစေတီ ကျောက်စာ / ရာဇကုမာရ ကျောက်စာ

  • မြစေတီ ကျောက်စာကို ကျောက်စာဝန် အီမောသျှမ်းမားနှင့် ဦးတော်စိန်ခိုတို့က သုတေသနစံနှုန်းနှင့်အညီ အမျိုးအမည်မသိစာ (unknown) ဟု  အမည်ပေးထားကြသည်။ (ဘုန်းတင့်ကျော်,၂၀၁၄,Dec)
  • ယင်းအမျိုးအမည်မသိ ကျောက်စာတို့တွင် တွေ့မြင်ရသော ပါဠိဝေါဟာရတို့ကို ပါဠိ၊ သက္ကဋဝေါဟာရတို့ကို သက္ကဋ ဟု ပြောရသကဲ့သို့ -

    နှိ (နှစ်) ၊ င (ငါး) ၊ ခြော (ခြောက်) ၊ က္နိ (ခုနှစ်) ၊ ရှံ (ရှစ်) ၊ သ္နိ (သစ်နှစ်) ၊ တိမ်း (တိမ်းပါးကွယ်လွန်သည်) ၊ ရုပ်ကြေး (ရုပ်ကြွင်း) ၊ သား ၊ မယား ၊ ဗ္လိ (မြေး) ၊ တိုင်း ၊ ပြိ (ပြည်) ၊ ရော (ရွော=ရွာ) ၊ မြ ၊ ပံ့ ၊ ပေး ၊ မဒိ ံ(မုဒိမ်း) ၊ ညှိဆဲ (ညှင်းဆဲ) ၊ မိဘိသည် (မည်ဘိသည်)၊ ဘိသိဥမိ (ဘိသိက်အမည်) ၊ ယံဗံးမယးဥသး (ယင်းမြတ်မယား၏သား) ၊ ဗံးမယးဥသး ရာဇဂုမဥဠံ (မြတ်မယား၏သား ရာဇကုမာအထံ) ၊ ဎေါ်ဗံးမယး (ထိုမြတ်မယား) ၊ ဎေါ်တဏး တောဥ ကျေးမြေား (ထိုထိပ်တင်တော်၏ကျေးဇူး) ၊ ဎေါ်ဗံးဗူဓဥဆးဗော် (ထိုမြတ်ဗုဒ္ဓ၏ အဆင်းပုံ) ၊ ဂေါဥလှော်ဗိးသံရေား (ထိုဂူအား လှူပြီးသရောခါ) ၊ ယံဂေါ်ဗူဓဥဋ္ဌံ (ယင်းဂူဗုဒ္ဓအထံ) ၊ ဂိသးဠေဂီပြိဠေ (ငါ့သားလေး ငါ့မြေးလေး) ၊ ယံတိပြိရိမဓနဗူဥမိဘိသိ (ယင်းတိုင်းပြည် အရိမဒ္ဒနပူရဟု မည်ဘိသည်) ၊ ယံဗံးဗူဓအရိမေဒေဒံဗး (ယင်းမြတ်ဗုဒ္ဓအရိမေတေယျထံပါး) ၊ ပံးစေဆေား (ပေးစေသော) ၊ ခြောရ (ခြောက်ရာ) ၊ ယံ (ယင်း) ၊ နု (နည်း) ၊ ပံးစေနတိ ံပံ(းဠ)ပ (ပေးစေနည်းတိုင်း ပေးလှည့်ပါ) ၊ မတားငူးဗူး (မတားငဲ့မူ) ၊ မပံးစေဆေား (မပေးစေသောဝ်) ၊ ဟိဥမ္တုတဠု (ဟိဥမတုလု-သေအမ့် မတော့လု) ၊ ယံတြးတိ ံမတုကုံးဒူ (ယင်းတရားအတိုင်း မတုကန်တုံ့) ၊ ရော (သရော်၊ ရှေးသရော) အစရှိသော ဝေါဟာရပေါင်းများစွာကို အသံတူ မြန်မာဝေါဟာရများနှင့် ခေတ်ခြား၍ အသံဝဲသော အသံဝဲမြန်မာဝေါဟာရများဟု ပြောဆိုရမည် ဖြစ်ပါသည်။
------------------

မြစေတီ ကျောက်စာမှာ ရှေးဟောင်းသရေခေတ္တရာ 
(ပျူ) စာပေနဲ့ အက္ခရာတို့ ပါဝင်ခြင်းအကြောင်းတရား

ကျော်သွင် (modernist)
  • မြစေတီကျောက်စာက ပျူလို့ ခေါ်တွင်နေကြတဲ့ ပုဂံအကြို သရေခေတ္တရာခေတ် ရှေးဟောင်းစာပေနဲ့ ပုဂံခေတ် မြန်မာစာပေ နှစ်ရပ်ဟာ  တိဗက်-ဗမာ ဘာသာစကား အုပ်စုဝင်တွေချည်း ဖြစ်ကြတယ်။
  • ဒီစာပေ နှစ်ရပ်ဟာ သီးခြားစာပေတွေ ဖြစ်တယ်လို့ ဖွင့်ဆိုခဲ့ကြတယ်။ အဲဒီမှာ လူမျိုးနွယ်စု  ပြဿနာတရပ် ပေါ်ပေါက်လာပါတယ်။ ကျောက်စာပါ ပုဂံခေတ် မြန်မာစာဟာ မြန်မာလူမျိုးတို့ရဲ့ စာပေဖြစ်ပြီး ပျူစာ လို့ ခေါ်နေကြတဲ့ စတုတ္ထကမ္ဗည်းစာဟာ မြန်မာလူမျိုး မဟုတ်တဲ့ သီးခြား ပျူလူမျိုးတို့ရဲ့ စာပေရယ်လို့ ဖြစ်လာပါတယ်။
    အဲဒီ စတုတ္ထကမ္ဗည်းစာကို ၂၀ ရာစု အလယ်ပိုင်းအထိ အဓိပ္ပါယ် အပြည့်အစုံ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ၁၉၁၁ ခုမှာ ဒေါက်တာ ဘလက်ဒင်က ဝေါဟာရအချို့ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒေါက်တာ ဘလက်ဒင်ဟာ ပုဂံခေတ် မြန်မာဘာသာထိုး စာမျက်နှာနဲ့ စတုတ္ထကမ္ဗည်းစာကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။ အဲဒီကနေ စာလုံးချင်း တိုက်ဆိုင်စစ်ဆေးပြီး ပုဂံခေတ် မြန်မာစာမျက်နှာနဲ့ စတုတ္ထကမ္ဗည်းစာတွေထဲက အသံတူ ဝေါဟာရတွေကို ရွေးချယ်တဲ့ နည်းနဲ့ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ 
    နောက်ပိုင်း ဆရာဦးသာမြတ်နဲ့ ဆရာဦးဘုန်းတင့်ကျော်တို့ ဖော်ထုတ်ဖွင့်ဆိုမှုတွေ အရ စတုတ္ထကမ္ဗည်းစာဟာ ပုဂံအကြို ရှေးဟောင်း မြန်မာဘာသာစကား ဖြစ်တယ်လို့ ဆုံးဖြတ်နိုင်ဖို့ ဖြစ်တန်စွမ်း အလွန်မြင့်မားနေပါပြီ။
    အဲဒီမှာ ပုဂံခေတ် အက္ခရာနဲ့ မြန်မာစာ ရှိလျက်နဲ့ ဘာကြောင့် ပျူစာနဲ့ အက္ခရာလို့ ခေါ်နေကြတဲ့ စတုတ္ထကမ္ဗည်းစာကို ရေးရသလဲ ဆိုတဲ့ မေးခွန်း ရှိလာပါတယ်။ အဲဒီမှာ သမိုင်းပညာရှင် ဒေါက်တာ မိုက်ကယ် အောင်သွင်က မင်းမျိုးမင်းနွယ်ရဲ့ မြစေတီ ကျောက်စာမှာ ပျူအက္ခရာရဲ့ အခန်းကဏ္ဍဟာ ဂန္ထဝင် ဘိုးဘေးများရဲ့ ရှေးအစဉ်အလာ ဂုဏ်ဒြပ်နဲ့ အဲဒီ ကျောက်စာတိုင်ရဲ့ စာပေနဲ့ အကြောင်းအရာတွေကို အားဖြည့်ထားတာ ဖြစ်လိမ့်မယ်လို့ ဖွင့်ဆိုပါတယ်။  အင်္ဂလိပ်စကားပြော လူအဖွဲ့အစည်းတွေမှာ အထိမ်းအမှတ် ကျောက်စာတွေ ထိုးတဲ့အခါ ဂန္ထဝင် လက်တင်ဘာသာကို ယနေ့အထိ သုံးစွဲ ရေးထိုးနေတဲ့ အစဉ်အလာနဲ့ ဆင်တူတယ်လို့လဲ ဆိုထားပါတယ်။  
    ဆိုတော့ စတုတ္ထကမ္ဗည်းစာ ရေးထိုးရတဲ့ အကြောင်းရင်းက  ပုဂံခေတ် ခရစ်နှစ် ၁၂ ရာစုမှာ ရှေးခေတ်ဘိုးဘေးတွေရဲ့ အစဉ်အလာ စာ အက္ခရာတွေကို တတ်မြောက်နေဆဲ ဖြစ်ကြောင်းကို ထင်ရှားစေလိုတယ်။ ဒါပြင် အလှူရှင် မင်းသားဟာ ဂန္ထဝင် ရှေးစာပေ၊ အက္ခရာတွေကို အလေးအမြတ်ထား ထည့်သွင်း ရေးထိုးပြီး သူ့ရဲ့ အလှူမှတ်တမ်းကို ဂုဏ်တက် ထင်ရှား စေလို၍ ဖြစ်ပါတယ်။
    #KyawThwin_Modernist


  • မူရင်းလင့် = https://www.facebook.com/kyaw.thwin/posts/pfbid02vut35gS5LAixzHFCYhrujfLMkawWVfMKVraxAHRpVkRJiZAqH34BKUDEWzpaathCl
--------------------------

ရာဇကုမာရ်ကျောက်စာ ကပြောတဲ့ မြန်မာစာ
  • ရာဇကုမာရ်ကျောက်စာ ဆိုလျှင် အများသိပြီး၊ ပုံစံတူ ၂ စုံ၊ ပျူ၊ မြန်မာ၊ မွန်(တလိုင်း) နှင့် ပါဠိ ဟူ၍ ကျောက်စာတိုင် ၄ ခုစီရှိလေသည်။ ထိုကျောက်စာအရ မြန်မာစာကို အရင်လား၊ မွန်တလိုင်းက အရင်လားဆန်းစစ်ကြည့်ပါမည်။
  • ထိုကျောက်စာသည် သက္ကရာဇ် အခိုင်အမာ ပါသော အစောဆုံး မြန်မာစာဟု ဆိုကြပြီး၊ မွန်စာက အရင် မြန်မာစာက နောက်မှပေါ်သည် ဟု ပညာရှင်များ တဖက်သတ် ဆုံးဖြတ်ကြလေသည်။
  • သို့ဆိုလျှင် သက္ကရာဇ် အခိုင်အမာ ပါသော မွန်ကျောက်စာ ပြနိုင်သလားဆိုလျှင် ပြည်တွင်း၊ ပြည်ပ ဘယ်မှာမှ ရှာမရပါပေ။
  • ဒါဆိုလျှင် ပညာရှင်ဆိုပြီး အဂတိတရားဖြင့်သတ်မှတ်သူများသည် ပညာရပ်အပေါ် သစ္စာမဲ့သူ၊ ကိုယ်ကျင့်သိက္ခာမဲ့တဲ့ သူများဟုခေါ်သင့်၊ သတ်မှတ်သင့်ပါပေသည်။
  • ရာဇကုမာ တလိုင်း မွန်ကျောက်စာကို တွေ့သည့်အချိန် ဘယ်သူမှ မဖတ်တတ်၍ CO Blagden ဆိုသူထံမင်ကူးပေးပို့ ဖတ်စေခဲ့ပါသည်။ မြန်မာ နှင့် မွန်(တလိုင်း)စာဖြစ်ပါသည်။
  • ထိုကျောက်စာနှစ်မျိုးကို နှိုင်းယှဉ်ပြီး၊ မွန်တလိုင်းစာကို ဘလက်ဒင် အဓိပ္ပါယ်ဖွင့်ပါသည်။
  • သူ၏ ရှင်းပြချက်များတွင် ရာဇကုမာရ် မွန်တလိုင်းကျောက်စာအရေးအသားသည် မြင်နေကြမျိုးမဟုတ်ပဲ၊ ရေးသားပုံစနစ်သည် တတလိုင်းမွန်စာနှင့်ဆိုလျှင် လူမျိုးခြားက ရေးသားပေးသလို ဖြစ်နေလေသည်။
  • သူပြောသည်မှာ တလိုင်းမွန်ကျောက်စာတွင် မြန်မာစာသြဇာသက်ရောက်နေကြောင်း၊ ဥပမာ မြန်မာစာ၌ ဘုရားရှင်သာသနာ ၁၆၂၈ လွန်လေပြီးရကား ဆိုသည့် အရေးအသားပုံစံကို တလိုင်းစာတွင်တုပပြီးရေးထားသော်လည်း၊ နားလည်နိုင်ပါသည်ဟုဆိုထားရာ၊ ရာဇကုမာရ် ကျောက်စာတိုင်များတွင် မြန်မာစာကို အရင်ရေးသားပြီးမှ၊ ကျန်စာများကို ဘာသာပြန်ရေးသည့်သဘောဖြစ်နေပါသည်။
  • သမိုင်းလိမ်သမားတို့ပြောသလို ပုဂံခေတ်ဦးတွင် မွန်စာသုံးသည်ဆိုလျှင် ကိုယ်ကျွမ်းကျင်သည် မွန်စာကိုအရင်ရေးပြီးမှ၊ မြန်မာစာသို့ ပြန်ဆိုရေးသားရပေမည်။
  • ခုတော မြန်မာစာကို အရင်ရေးသားပြီး၊ မကျွမ်းကျင်သေး အခြေမကျသေးသည့် တလိုင်းမွန်စာကို မြန်မာစာရေးသားနည်းကို အတုယူ၍ ရေးသားကြောင်း ဘလက်ဒင် ဆိုလေရာ၊ မြန်မာစာသည် ရာဇကုမာရ် လက်ထက်တွင် အလွန်အဆင့်အတန်းမြင့်မားနေပြီဟု ဆိုနိုင်ပါသော်လည်း၊ မွန်တလိုင်းတို့စာကား အခြေမကျသေးပဲ ဖြစ်နေပါသည်။
  • ထို့ကြောင့် မြန်မာစာသည် မူလပထမ အရင်ပေါ်ပေါက်ပြီး၊ မွန်တလိုင်းစာသည် မြန်မာစာကို နည်းယူရေးသားခြင်းသာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
  • နောက်တစ်ခု ပြောလိုသည်မှာ ခုနှစ်အရေးအသားသည် မြန်မာစာပေ၌ အထင်အရှားရှိ၍၊ မွန်တလိုင်းတို့ မြန်မာခုနှစ်ရေးသားပုံကို တုပရေးသားရကြောင်းပေါ်ပေါက်နေရာ၊ မြန်မာပြက္ခဒိန်သည် မြန်မာတို့မူပိုင်သာဖြစ်ကြောင်းပေါ်ပေါက်နေပါသည်။





Myo Ko Ko Soe

မူရင်းလင့် = https://www.facebook.com/groups/1047828759932520/?multi_permalinks=1572511960797528&hoisted_section_header_type=recently_seen
--------------------------------


No comments:

Post a Comment

ကျောက်စာတွေထဲက ပုဂံ

 ဦးရဲထွဋ် “ ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ (၅)၊ ရေးသူ နီတွတ် ရတနာပုံ သမိုင်းပါမောက္ခ ( ၂၀၀၅-၂၀၁၅) ပန်းဆိုးတန်း Book Tree စာအုပ်ဆိုင်မှာ စာ...