ပေါင်လောင်ရှင်ကဿပနှင့် ပုဂံခေတ်နှောင်းပိုင်း တောကျောင်းအရည်းဂိုဏ်း
စဝ်မိန်ထီး
အရည်းကြီးအကြောင်းပြောမယ်ဆ်ိုရင် (ဒါမှမဟုတ်) ပုဂံခေတ်နှောင်းပိုင်းက သာသနာရေးအကြောင်းကိုပြောမယ်ဆိုရင် မပါမဖြစ်တဲ့ မထေရ်မြတ်တစ်ပါးရှိခဲ့ပါတယ်။ အဲဒီမထေရ်မြတ်ကတော့ "ပေါင်လောင်ရှင်ကဿပ" အမည်ရှိတဲ့ မထေရ်ကြီးပါပဲ။ ခု ဒီ"ရှင်မဟာကဿဖ" အကြောင်းကိုပြောပါမယ်။ ဒီရှင်မဟာကဿပ ပေါ်ထွန်းလာပြီးနောက်မှာ တိမ်ကောနေတဲ့ မူရင်းအရည်းရဟန်းတွေဟာ ရှင်မဟာကဿဖဂိုဏ်းသစ်အဖြစ် ပုဂံမှာထင်ရှားစွာ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုဂိုဏ်းကြီးစည်ပင်ထွန်းကားလာမှုတို့ဟာ မင်းနှင့်ပြည်သူတို့အတွက်လွန်စွာမှပဲ ကောင်းကျိုးဖြစ်ထွန်းခဲ့ရတယ်။ ဆုတ်ယုတ်မှုတစ်ချို့လည်း ရှိခဲ့ပြန်တယ်။ ဒီဂိုဏ်းရဲ့လွှမ်းမိုးနိုင်မှုကြောင့် ပုဂံမှာ "မဟာကဿပ'အရပ်ဆိုပြီးတောင် သတ်မှတ်ပေါ်ထွန်းလာခဲ့ရပါတယ်။
ဒီအရည်းဂိုဏ်းကြီးဟာ ဟိုးရှေးယခင်ကတည်းက "မြန်မာ့သိုင်းပညာ"ရဲ့အခြေတည်ရာဖြစ်ခဲ့ပြီး မွန်ဂိုတရုတ်တို့ရဲ့ကျူးကျော်စစ်ကြောင့် မြန်မာပြည်တစ်ခုလုံး ပျက်သုန်းလုနီးပါးအချိန်မှာ တိုင်းပြည်ကို တစ်ဖက်တစ်လမ်းကနေ ပြန်လည်အဖက်ဆည်နိူင်ခဲ့တဲ့အထိဆောင်ရွက်ပေးနိုင်ခဲ့ကြပါတယ်။
ရှင်မဟာကဿပကို ကောဇာသက္ကရာဇ် (၅၃၁) ခုနှစ်၊ ခရစ်နှစ် (၁၁၆၉) ခုနှစ်အတွင်း ပရိမ္မရွာ၌ ဖွားမြင်ခဲ့ပါတယ်။ ပရိမ္မရွာဆိုတာ ကျန်စစ်သားမင်းရဲ့ ဇာတ်ိရွာလည်းဖြစ်ပါတယ်။ ဒါဟာ ရှင်မဟာကဿပ ပေါ်ထွန်းပြီး ရှေးမနှောင်းကာလမှာ ရေးထိုးထားခဲ့တဲ့ ကျောက်စာပါ အထောက်အထားပါ။ ခုပြောပြနေတဲ့ ပေါင်လောင်ရှင်ကဿပဆိုတာကတော့ မြန်မာတွေကြားထဲ အခုထိရေးပမ်းစားနေတဲ့အမည်ပါပဲ။
ပေါက်နယ်ထဲမှာရှိတဲ့ "ရွှေပေါင်လောင်ဘုရား" ဆိုတာဟာလည်း လူသိများပြီးထင်ရှားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ အလောင်းတော်ကဿပဆိုပြီး အတိုးအဝှေ့သွားရောက်ဖူးမျှော်နေကြတဲ့ ရှင်မဟာကဿဖမထေရ်ရဲ့ အလောင်းတော်ဆိုတာလည်း ဘုရားရှင်လက်ထက်တော်က ရှင်မဟာကဿဖ ရဟန္တာမဟုတ်ပါဘူး။ ခုပြောနေတဲ့ ပုဂံမှာတန်ခိုးပြခဲ့တဲ့ အရည်းဆရာတော်ပေါင်လောင်ရှင်ကဿပမထေရ်ပဲဖြစ်ပါတယ်။
အရှင်မြတ်ထံမှာ ပေါင်လောင်ရှင်ဆိုတဲ့အမည်ပါနေရခြင်းကတော့ အရှင်မြတ် ကိုရင်ဘဝရှိနေစဥ်အခါက ပလောင်မျိုးနွယ်ဓားပြတွေ ရွာအတွင်း ဓားပြဝင်တိုက်ကြခြင်းက စတင်ခဲ့ပါတယ်။ ဓားပြများဟာ ရွာအတွင်းဝင်ရောက်လုယက်ပြီး လူတချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်။ ထိုလူတွေထဲမှာ ပေါင်လောင်ရှင်ကဿပအလောင်းလျာ ကိုရင်ငယ်လည်းပါသွားပြီး ဓားပြတွေရဲ့ဖမ်းဆီးအကျဥ်းချခြင်း ခဲ့ရပါတယ်။ မထေရ်မြတ်အလောင်းလျာဟာ အတိတ်ဘဝ အဆက်ဆက်မှ ပါရမီတော်ဖြည့်ကျင့်လာခဲ့တဲ့ အထုံပါလာတဲ့အတွက် အရည်းဂိုဏ်းအတွင်း ကိုရင်ဘဝနဲ့ရှိနေစဥ်တည်းက သိဒ္ဓိတန်ခိုးစွမ်းအင်များကို ပိုင်ဆိုင်နေခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုနဲ့ဓားပြများဟာ ကိုရင်ငယ်ကို ဖမ်းဆီးအကျဥ်းထားတဲ့အချိန်ကစပြီး တစ်ကိုယ်လုံးယားယံပြီး တီကောင်ဆားတို့ခံရသလိုဖြစ်ကုန်ပါတယ်။ နောက်တော့ ဓားပြတွေဟာ ပုံမှန်ဖြစ်ရ်ိုးဖြစ်စဥ် မဟုတ်တော့မှန်း သိလာတဲ့အတွက် အဖြေရှာခဲ့ရပါတော့တယ်။
ကိုရင်ငယ်ရဲ့ တန်ခိုးစွမ်းရည်ကို သိထားပြီးတဲ့ ရွာသူရွာသားများကတော့ ကိုရင်ငယ်က်ို လွှတ်ပေးမှဖြစ်မည့်အကြောင်း ဓားပြများကို အကြံပေးကြပါတယ်။ ဒါပေမယ့် ပလောင်ဓားပြများကလည်း ချက်ချင်း လက်မခံခဲ့ကြပါဘူး။ သေချာအောင် ကိုရင်ငယ်ကို ဗေဒင်ဟောပြောစေပါတယ်။ ဒါပေမယ့် ကိုရင်ငယ်ရဲ့ ဟောချက်တွေက အံ့သြဖွယ်ကောင်းအောင်မှန်နေတော့ ကိုရင်ငယ်ကို ကြောက်လန့်တကြားနဲ့ အကျဥ်းမှလွှတ်၊ ရေချိုးသန့်စင်ပေးပြီး ရှိခိုးတောင်းပန်ခဲ့ကြရပါတယ်။ ဒီတော့မှ ခန္ဓာကိုယ်မှ အယားပြေရပါတယ်လို့ မှတ်သားထားခဲ့ကြပါတယ်။ ပလောင်ဓားပြများကလည်း ထိုအချိန်ကစပြီး အကုသိုလ်ဒုစရိုက်အလုပ်ကို စွန့်လွှတ်ပြီး ကိုရင်ငယ်ရဲ့ တပည့်သာဝကများအဖြစ် အလုပ်အကျွေးပြုလိုက်ပါလာခဲ့ပါတော့တယ်။ ရွာသားများလည်း အဖမ်းခံထားရခြင်းမှလွတ်မြောက်ခဲ့ရတယ်။
ကိုရင်ငယ်ဟာ ထိုပလောင်များကို ဦးဆောင်ပြီး စတင်ဂန္ဓာရီလှည့်ခဲ့တဲ့အတွက် ပလောင်ရှင်ဟူ၍ ထင်ရှားခဲ့တယ်လို့အဆိုရှိပါတယ်။ နောက်တော့ "ပေါင်လောင်ရှင်" ဆိုပြီး ဖြစ်လာပါတယ်။
ဒါပေမယ့် ကျောက်စာမှာ ရှင်မဟာကဿပရဲ့ ငယ်အမည်ကို 'ပေါင်လောင်သင်"၊ "ငပေါင်အ်လောင်အ်သင်"လို့ တွေ့ထားရပြန်တော့ ငပေါင်လောင်သင်ကနေ ကာလကြာတော့ ပေါင်လောင်ရှင်လို့ ဖြစ်ပေါ်ရတဲ့အကြောင်းကို ထပ်မံသိရပြန်ပါတယ်။ အဓိပ္ပါယ်ကတော့အတူတူလို့ ပြောရမှာ။
ဒီလိုနဲ့ ပေါင်လောင်ရှင်ကဿပမထေရ်ဟာ အနိမ့် ၊ အမြင့်၊ ပရိမ္မ စတဲ့ ချင်းတွင်းဒေသတွေမှာရှိတဲ့ လောကီပညာရှင်အရည်းရဟန်းများအတွင်း ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်လာပါတယ်။ နောက်တော့ ပရိမ္မ၊ ကျောက်ရစ်မြို့တို့မှာ ရှိရင်းစွဲဆရာတို့နည်းတူ "အညရဝါသီ" ကျောင်းတော်ဆောက်၍ သီတင်းသုံးနေခဲ့ပါတယ်။ ဒါပေမယ့် မထေရ်မြတ်ရဲ့ တန်ခိုးပြနိုင်မှုတွေကြောင့် ရှင်မဟာကဿဖဂိုဏ်းအဖြစ်နဲ့ပါ သီးသန့်ထင်ရှားလာခဲ့ပါတော့တယ်။
ဒီဂိုဏ်းဂိုဏ်းက်ို တောကျောင်းဂိုဏ်းလို့လည်း ခေါ်ကြပါတယ်။ ပုဂံကျောက်စာတွေမှာ "တာဝ်က္လောင်"၊ "တဝ်က္လောင်" ဆိုပြီး အကြိမ်ဖန်များစွာ တွေ့ထားရပါတယ်။ ဒီလိုနဲ့ ရှင်မဟာကဿပအပေါ် ကိုးကွယ်ကြသူများတစ်တစ်စတိုးပွားသထက် တ်ိုးပွားလာခဲ့တာဟာ နောက်တော့ပုဂံဧကရာဇ်ရဲ့ ယောက်ဖတော်ဖြစ်တဲ့ အမတ်တျာမဟာသေနာပတိ "အနန္တသူရ်ိယ"နဲ့ နရပတိစည်သူမင်းကြီးရဲ့ သမီးတော် လက်ရှိပုဂံဧကရာဇ် နားတောင်းများမင်းကြီးရဲ့ နှမတော် "စောမင်းလှ" တို့ဇနီးမောင်နှံရဲ့ ကိုးကွယ်မှုကိုပါ ခံယူလာရတဲ့အထိ ဖြစ်ခဲ့ပါပြီ။
"ပေါင်လောင်ရှင်ကဿပ ပုဂံနေပြည်တော်ကို ရောက်ရှိခြင်း"
ပေါင်လောင်ရှင်ကဿပမထေရ်မြတ် ချင်းတွင်းဒေသမှာ ထင်ရှားနေတဲ့အချိန်ဟာ ပုဂံနေပြည်တော်မှာ နားတောင်းများမင်း အုပ်ချုပ်နေတဲ့ကာလပဲ ဖြစ်ပါတယ်။ နားတောင်းမင်းကြီးနန်းတတ်ပြီး လေးနှစ်ခန့်အကြာမှစပြီး နားကိုက်တဲ့ဝေဒနာကို အပြင်းအထန် ခံစားနေရပါတယ်။ မူကွဲအရ ခေါင်းကိုက်ဝေဒနာလို့ ဆိုပါတယ်။ ဒါကို ဘယ်သမားတော်ကမှ ဝေဒနာပျောက်ကင်းအောင် မကုနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နားတောင်းများမင်းရဲ့ ဆရာတော်ရှင်ဓမ္မပါလကိုယ်တော်တိုင် ဆင်းတုတစ်ဆူ သွန်းလုပ်စေပြီး "သ္ခင်မင်ကြီ ဖုန်တေါင်ကြီစိယ်၊ သက်တာဝ်ရှေည်စိယ်၊ သတြု ဘယ်မာန်လေ ပျောက်သတိယ်" ဟူပြီး #ဗုဒ္ဓယတြာ ဓာတ်ဆင်ပြီး ကုသခဲ့ပါတယ်။
ဒီအချိန်ကတည်းကိုပဲ ပုဂံမှာ လောကီပညာတတ်ကျွမ်းတဲ့ အရည်းရဟန်းတွေရဲ့ ဗေဒင်ယတြာအစီအရင်တွေ ပါနေတာကို တွေ့ရပါတယ်။ ပေါင်လောင်ရှင်ကဿပမထေရ် ပုဂံရောက်မှ လောကီအစီအရင်ပြုတဲ့ ရဟန်းတွေ စပေါ်ရပါတယ်ဆိုတဲ့အဆိုဟာ လက်ခံဖွယ်ရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ထေရဝါဒရဟန်းတော်အစစ်ဟာ ယတြာမချေပေးတာ အားလုံးသိကြပါတယ်။ မယုံရင် ပါချုပ်ဆရာတော်ဆီ ယတြာသွားတောင်းကြည့်ပါ။
ဒီလိုနဲ့ အရည်းရဟန်း (သို့မဟုတ်) ယနေ့ခေတ်ကဲ့သို့ ထေရဝါဒအမည်အောက်တွင် လောကီအစီအရင် ပြုပေးနေသောရဟန်းတစ်ပါးက ဘုရားယတြာနဲ့ ကုပေးသော်လည်း ပြန်ပြန်ဖြစ်နေတဲ့အတွက် ချင်းတွင်းဒေသမှာ တန်ခိုးရှင်အဖြစ်ကျော်ကြားနေတဲ့ ပေါင်လောင်ရှင်ကဿပကို ပင့်ရပါတယ်။ ရှင်မဟာကဿပမထေရ် ပုဂံကို ကြွလာပြီး ကုသပေးတဲ့အခါ နားတောင်းများမင်းကြီးရဲ့ ဝေဒနာဟာ ပျောက်ကင်းသွားခဲ့တယ်။ ဒါပေမယ့် နားတောင်များမင်းနဲ့ ရှင်မဟာကဿပမထေရ်တို့ အခြေအတင်ဖြစ်ပြီး ရှင်မဟာကဿပဟာ မိမိဒေသကိုပြန်ကြွသွားပါတယ်။
မကြာပါဘူး။ နားတောင်းများမင်းကြီးအနေနဲ့ ပေါင်လောင်ရှင်ကဿပကို ပုဂံပြန်ပင့်ဖို့ အကြောင်းတစ်ခု ထပ်ကြုံရပြန်ပါတယ်။ ဘာဖြစ်သလဲတော့ အတိအကျမပါပါဘူး။ အရင်က ဝေဒနာပဲ ပြန်ဖြစ်တာလား။ အခြားအရာလားဆိုတာ တွေးတောစရာပါပဲ။
ထူးခြားတာက အဲဒါကို ကျောက်စာမှာ ဘုရင်နားကိုက်တယ်လို့ဖော်ပြမထားပဲ "မင်းကြီးအားဘီလူးညှင်းဆဲ၍" လို့သာ ရေးထိုးထားတာပါ။ နောက်တစ်ကြောင်းက "ရှင်မဟာကဿပ ပုဂံပြည်ရောက်လျှင် မင်းကြီးကား ဘီလူးဘေးမှ ချမ်းသာ၍" လို့ရေးထိုးထားပါတယ်။ ဘီလူးဘေးလို့ပဲပါပြီး နားကိုက်တာတွေမပါပါ။ နားကိုက်ယုံလောက်ကို ပုဂံသမားတော်တွေ ကုမရတာကလည်း ယုတ္တိမရှိပါဘူး။ ပုဂံတစ်ပြည်လုံးမှာ နားကိုက်တာပျောက်အောင်ကုနိုင်တဲ့ သမားတော်မရှိသလို ဖြစ်နေပါမယ်။ ပြီးတော့ ရှေ့မှာကတည်းက သမားတော်နဲ့ မကုပဲ ဘုန်းကြီးနဲ့ ယတြာချေနေတာက်ိုက နားကိုက်တာမဟုတ်ပဲ ကျောက်စာထဲကလို ဘီးလူညှင်းဆဲတာလား တွေးစရာပါ။
ဘီးလူးဖမ်းစားလို့ပဲ နားကိုက်ရသလား။ ဘီလူးညှင်းဆဲတယ်ဆိုတာ သာမန်သမားတော် မကုနိုင်တဲ့ ပညာပိုင်းဆိုင်ရာ အနှောက်ယှက်ခံထားရသလားပေါ့။ တွေးစရာက ဒါပဲရှိပါတော့တယ်။ ပထမဖြစ်စဉ်ကတည်းက နားကိုက်ယုံလောက်ကို ဘုရားဆင်းတုထုပြီး ဆုတောင်းနေရအောင် ဘုရင်က ဗုဒ္ဓအဆုံးအမကို နားလည်တဲ့သူပါ။ နားကိုက်ရင် သမားတော်ခေါ်ပြီး ဆေးပဲကုသမှုပြုရမှာပါ။ ဘုရားဆင်းတုထုလုပ်ပြီး ဆုတောင်းနေယုံနဲ့ နားကိုက်မပြောက်နိုင်တာကိုတော့ မသိနိုင်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ရဟန်းတွေနဲ့ ယတြာချေနေပြီဆိုတည်းက နားကိုက်တာထက်ပိုပြီး အခြားသာမန်လူတွေမရှင်းပေးနိုင်တဲ့ ပြဿနာမျိုးသာဖြစ်ပါလိမ့်မယ်။ ပြီးတော့ ပုဂံက လောကီပညာရှင်ရဟန်းနဲ့တင်မရတော့လို့ ကျောက်ရစ်မှာ သီတင်းသုံးနေတဲ့ ရှင်မဟာကဿပကိုပင့်ရတော့တဲ့သဘောပါ။
နားတောင်းများမင်းကြီးဟာ နောက်တစ်ကြိမ် ဘီလူးညှင်းဆဲခံရပြန်တဲ့အတွက် သူ့ရဲ့သားတော်တစ်ပါးကို ပေါင်လောင်ရှင်ကဿပထံစေလွှတ် ပင့်ဖိတ်စေပါတယ်။ ဒါပေမယ့် ရှင်မဟာကဿပဟာ ပုဂံကို မလိုက်ပါခဲ့ပါဘူး။ ဘုရင်ဟာ မာန်ကိုလျော့ပြီး ဒုတ်ိယအကြိမ် ထပ်ပင့်ပြန်ပါတယ်။ ဒါပေမယ့် မကြွခဲ့ပြန်ပါဘူး။ နောက်တော့ နားတောင်းများမင်းကြီးဟာ သူ့ရဲ့ ယောက်ဖတော် မဟာသေနာပတိအမတ်ကြီး အနန္တသူရိယ နဲ့ ဘုရင်၏ နှမတော် စောမင်းလှတို့သည် ရှင်မဟာကဿပကို အထူးကိုးကွယ်တဲ့ ဒကာရင်းတွေဖြစ်ကြောင်းကို သတိရသွားပုံရပါတယ်။ ဒါ့ကြောင့် ပေါင်လောင်ရှင်ကဿပကို ပင့်ဖို့ အမတ်ကြီးတို့ ဇနီးမောင်နှံကို အကူအညီတောင်းရတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါမြောက် အမတ်ကြီးတို့ဇနီးမောင်နှံတို့ ပင့်ဖိတ်တောင်းပန်တဲ့ အခါမှသာ ပေါင်လောင်ရှင်ကဿပဟာ ပုဂံသို့ ကြွချီပေးတယ်လို့ကျောက်စာမှတ်တမ်းမှာ တွေ့ရပါတယ်။
ဒီနေရာမှာ သတိထားမိတာက တစ်နိုင်ငံလုံးရဲ့ အရှင်သခင် ဘုရင့်သားတော်ကိုယ်တိုင် လာပင့်တာကို မကြွလာလို့ သုံးကြိမ်အထိတောင် ပင့်ရတာပါပဲ။ တော်ယုံကိစ္စမဟုတ်လို့သာ ဘုရင်တစ်ပါးအနေနဲ့ မာန်လျော့ပြီး အကြိမ်ကြိမ်ပင့်နေရတာကိုပါ သတိပြုရပြန်ပါတယ်။ အနှစ်ချုပ်ရရင် ကျောက်စာမှာတော့ ဘီးလူးညှင်းဆဲတယ်လို့သာ ပါပါတယ်။ ဥာဏ်ရှိသလိုသာ ကောက်ချက်ချကြပါ။
ဒီလိုနဲ့ ပေါင်လောင်ရှင်ကဿဖဟာ ပုဂံကို ကြွချီလာပြီး ဘယ်သူမှ ကုမပေးနိုင်ခဲ့တဲ့ ဘုရင်ရဲ့ဒုက္ခဆင်းရဲကို ဖြေရှင်းပေးလိုက်ပါတယ်။ ဘုရင်ရဲ့အခက်အခဲကြီးလား၊ မကြီးလားတော့မမေးပါနဲ့။ ဒီလို ကုသပေးပြီးတဲ့အချိန်ကစပြီး ပေါင်လောင်ရှင်ကဿပဟာ ရှင်ဘုရင်ရဲ့ကိုးကွယ်ရာ ဆရာသခင်အဖြစ်ကိုပါ ရောက်ရှိသွားခဲ့ပါတော့တယ်။
နားတောင်းများမင်းဟာ ရှင်မဟာကဿပကို ထီးဖြူအပါအဝင် မင်းမြှောက်တန်ဆာငါးပါးကိုပါ လှူဒါန်းလိုက်ပြီး သံဃာရာဇာအဖြစ် အပ်နှင်းလိုက်တဲ့အထိပါပဲ။ ဘုရင်တစ်ပါးဟာ သာမန်က်ိစ္စလောက်နဲ့ ထီးဖြူကနက္ကဒဏ်နဲ့ မင်းမြှောက်တန်ဆာငါးပါးက်ို ရက်ရက်လျောလျောလှူဒါန်းစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ ဒီအဆောင်အယောင်တွေဟာ ပုဂံဧကရာဇ်နိုင်ငံတော်ရဲ့ အထွဋ်အထိပ် အာဏာစက်ရဲ့ သင်္ကေတတွေပါပဲ။ ဒါဟာ ထူးခြားနေပါတယ်။ ယခုခေတ်လို ရွှေတိဂုံစောင်းတန်းဆိုင်ကနေ ထီးဖြူတွေ လိုသလိုဝယ်သုံးနိုင်တဲ့ ခေတ်မဟုတ်ပါဘူး။ ယခုခေတ် ရဟန်းတော်တွေကို ထီးဖြူမိုးပြီးကြိုသလိုမျိုး ထီးဖြူက အသုံးများတဲ့ပစ္စည်းမဟုတ်ပြန်ပါ။ ထီးဖြူလှူဒါန်းခံရတာဟာ သာမန်ကိစ္စမျိုးမဟုတ်လို့ကိုပဲ ကျောက်စာထက်မှာ အထူးတလည်မှတ်တမ်း တင်ထားတာဖြစ်ပါတယ်။ ပြီးတော့ ထီးဖြူမျှတင်မက ရဟန်းနဲ့ မဆိုင်တဲ့ မင်းမြှောက်တန်ဆာငါးပါးကိုပါ လှူဒါန်းခံရပါသတဲ့။ ဒါကတော့ ပိုပြီးထူးသွားပါတယ်။
ကျောက်စာမှာ "ထီဖ္လူက နက္ကတန်င်အကွ မင်မ္လောက် တန်ဆာ ၅ ပါး။ မဟာကဿပ ၉ ပုစဘှိ၏။ လို့တွေ့ရတယ်။ ဒီလိုနဲ့ ပေါင်လောင်ရှင်ကဿပဟာ အခြားရဟန်းတွေကိုကျော်ပြီး ပုဂံဧကရာဇ်နိုင်ငံတော်ရဲ့ "သံဃာ့ရာဇာ" အဖြစ်ကိုပါ ရောက်ရှိခဲ့ပါပြီ။ သံဃာ့ရာဇာဆိုတာ ရဟန်းမင်းပါ။ သာသနာပိုင်ဆရာတော်နဲ့ အနည်းငယ်ဆင်တူပါလိမ့်မယ်။ ပထမတုန်းက အခြေအတင်ဖြစ်ခဲ့ပြီး ယခုမှာတော့ ကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲမှ လွတ်မြောက်သွားစေလိုက်တာနဲ့ ဤမျှအထိ လှူဒါန်းနေတာကြည့်ရင် ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲ ဘယ်လောက်ပြင်းထန်ခဲ့သလဲ တွေးကြည့်နိုင်ပါတယ်။
ရဟန်းမင်းနဲ့ ပတ်သတ်ပြီး ဗဟုသုတအနေနဲ့ ပြောပြရရင် ပုဂံခေတ်ဦးမှာ ရသေ့ကနေ လူဝတ်လဲ ဘုရင်လုပ်ခဲ့တဲ့ ရသေ့ကြောင်မင်းဆိုတာ ရှိခဲ့သလို ရဟန်းကနေ လူဝတ်လဲပြီး ဘုရင်လုပ်တဲ့ စောရဟန်း (ရဟန်းမင်း) ဆိုတဲ့ မင်းတစ်ပါးပါ ရှိခဲ့ဖူးပါတယ်။ အနော်ရထာမင်း ရဲ့ဖခင် "က္လောင်ဖ္လူ" မင်းသည်လည်း ရဟန်းဝတ်နဲ့ ထီးဖြူဆောင်းပြီး ဘုရင်နဲ့အပြိုင် ရဟန်းမင်းလုပ်တယ်လို့ ရာဇဝင်မှာပါပါတယ်။ ပြီးတော့"က္လောင်ဖ္လူ" မင်းနတ်ရွာလားတော့ နတ်ဖြစ်သွားတယ်လို့ အဆိုရှိပြန်ပါသေးတယ်။ အပြင် (၃၇) မင်း နတ်ထဲမှာ "က္လောင်ဖ္လူ" မင်း ပါနေပါတယ်။ ထူးတာလား၊ တိုက်ဆိုင်တာလားတော့မသိပါ။ "က္လောင်ဖ္လူ" မင်းရဲ့ နတ်အမည်က ထီးဖြူဆောင်းနတ်ပါတဲ့။ ဒါတွေကတော့ ဗဟုသုတအနေနဲ့ ထည့်ပြောပြတာပါ။
ဒီလိုနဲ့ ရှင်မဟာကဿဖဟာ နားတောင်းများမင်းကြီးအပါအဝင် ညီမတော်စောမင်းလှ၊ ယောက်ဖတော် အနန္တသူရိယတို့ရဲ့ ကြီးစွာသောလှူဒါန်းမှုတို့ကို လက်ခံရရှိခဲ့ပါတယ်။ ပြီးတော့ ရှင်မဟာကဿပရဲ့ အဘ်ိုးတော်စပ်သူဟာ မင်းမှုထမ်းတစ်ဦးဖြစ်ခဲ့ဖူးပါသေးတယ်။ ထိုပုဂ္ဂိုလ်ရဲ့အမည်က "သင်္ကြံမ္မသူ"ပါ။ နောက်ပိုင်းထို "သင်္ကြံမ္မသူ" ရဲ့ ဘုရင်ဆီမှ ဆုဘာဘ်အဖြစ်ရရှိခဲ့တဲ့ မြေကိစ္စနဲ့ ပတ်သတ်ပြီး ရှင်မဟာကဿပကိုယ်တော်တိုင် အမှုဖြေရှင်းခဲ့ရပါသေးတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းချင်း ကျောက်ရစ်၊ ပုရိမ္မ၊ အနိမ့်၊ အမြင့် စတဲ့ ချင်းတွင်းဒေသတွေထဲ တောကျောင်းတွေဟာ ဘုရင့်အလှူနဲ့ ထူထောင်တဲ့ ကျောင်းတိုက်ကြီးတွေ ဖြစ်လာပါတယ်။ နောက် ရှင်မဟာကဿပဂိုဏ်းဟာ ပုဂံနေပြည်တော်မှာပါ အတည်တကျအဖြစ်နဲ့ ကျောင်းတိုက်ကြီးတွေ တည်ဆောက်ထူထောင်လာခဲ့ပါတော့တယ်။ခရစ်နှစ် ၁၂၂၄ ခုနှစ်မှာ ဒကာရင်းဖြစ်သူ အနန္တသူရိယနဲ့ စောမင်းလှတို့ကလည်း ရှင်မဟာကဿပနဲ့ တောကျောင်းဂိုဏ်းရဟန်းတို့အတွက် ကြီးစွာသော ကျောင်းတိုက်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်လှူဒါန်းလိုက်ပါတယ်။
ရှင်မဟာကဿပရဲ့ တန်ခိုးတွေထဲ လူသိများတာရှိပါသေးတယ်။ အဲဒါကတော့ မထေရ်မြတ်ရဲ့ စီးတော်ယာဉ်တွေပါ။ ရှင်မဟာကဿပဟာ ချင်းတွင်းဒေသတွေထဲ ဂန္ဓာရီလှည့်တဲ့အခါ ကုန်းကြောင်းသွားရင် ကျားကိုစီးပြီး၊ ရေလမ်းသွားရင်တော့ မိကျောင်းကို စီးပါတယ်တဲ့။ ဒါကို ခုခေတ်မှာတော့ကြည်ညိုမှုလွန်ပြီး ပိုပိုသာသာပြောထားတယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့် ပေါင်လောင်ရှင်ကဿပမထေရ်မြတ်နဲ့ ရှေးမနှောင်းကာလမှာ ရေးဆွဲထားခဲ့တဲ့ နံရံဆေးရေးပန်းချီတစ်ခုကို ကျွန်တော်အနေနဲ့ ကံကောင်းထောက်မစွာ ရှာတွေ့ထားခဲ့ရပါတယ်။ ပန်းချီပုံထဲမှာ ပုတီးကိုင်ထားတဲ့ မထေရ်မြတ်တစ်ပါးကို ကျားစီးထားလျက် တွေ့ ရပါတယ်။
ပြီးတော့ ရှင်မဟာကဿပဟာ လောကီတန်ခိုးရှင်အဖြစ်တင်မက လောကုတ္တရာစာပေမှာပါ ပိုင်နိုင်မှု ရှိပြန်ပါတယ်။ "ပရမတ္တဗိန္ဓုကျမ်း" "သဟဿရံ" အမည်ရ "မဟာဗောဓိဝင်ဋီကာ" "ခုဒ္ဒသိက္ခာအဋ္ဌကထာနိသျှဟောင်း" တို့ကို ပြုစုနိုင်ခဲ့တယ်လို့ သိရပါတယ်။ ခုဒ္ဒသ်ိက္ခာအဋ္ဌကထာနိသျှကို ပုဂံနေပြည်တော်မှာ သီတင်းသုံးစဥ်ရေးဖွဲ့ခဲ့တာပါတဲ့။
နောက် သီရိလင်္ကာအထိ ကြွချီခဲ့သေးတယ်လို့လဲ မှတ်သားထားကြတာ ရှိပြန်တယ်။ အဲဒီ သီရိလင်္ကာကနေ ငရမန် နဲ့ ငတင်ကျည်း အမည်ရသူနှစ်ယောက်ပါ မထေရ်မြတ်နဲ့အတူ အလုပ်အကျွေးအဖြစ် ပြန်ပါလာပါတယ်။ ဒီနှစ်ဦးရဲ့ ရုပ်တုတွေအဖြစ် လူအများသတ်မှတ်ပြောဆိုနေကြတဲ့ ရုပ်တုနှစ်ခုကို ပရိမ္မမမှာရှိတဲ့ မဟာကဿပတောကျောင်းကြီးမှာ ယနေ့တိုင်တွေ့ရပါတယ်။ မထေရ်မြတ်နဲ့တွဲဖက်ပြီး အရင်က ပုဂံဘုရင်တွေ ချီးပင့်ခြင်းခံရတဲ့ သီဟိုဠ်ဂိုဏ်းမှ ဆရာတော် ဓမ္မသိရိ ၊ သုဘူတိစန္ဒ တို့က်ို ပူးတွဲဖော်ပြထားတဲ့ ကျောက်စာလည်း တွေ့ရပါတယ်။
ပြီးတော့ ရှင်မဟာကဿပ စာပေတတ်ကျွမ်းတဲ့အကြောင်းကို အနိမ့်မြို့တောကျောင်းကျောက်စာမှာ "မဟာကဿပကး ပိတကတ်ကိုဝ် အလွန်တတ်ရုယ်" လို့ရေးထိုးထားတာတွေ့ရပြန်ပါတယ်။
ဒီကျောင်းတိုက်ကြီးတွေကို ဗဟိုပြုပြီး ပေါင်လောင်ရှင်ကဿဖဦးဆောင်တဲ့ တောကျောင်းအရည်းဂိုဏ်းဟာ နောက်ပိုင်း မင်း၊မိဖုရား၊ မှူးမတ်၊ ကလန်၊ သံပျင်တို့မှ အသီးသီးထပ်မံလှူဒါန်းကြတဲ့ ကျောင်းတိုက်ရံပေါင်းများစွာခြံရံလျက် နေလိုလလို ထွန်းတောက်ပေါ်ထွန်းလာခဲ့ပါတော့တယ်။ နောက်ပိုင်းမှာ မဟာကဿပအရပ်ဆိုပြီး အမည်တွင်လာရတဲ့အထိပါပဲ။ လက်ရှိမင်းနန်သူရွာဟာ မဟာကဿပအရပ်ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ တောကျောင်းဂိုဏ်းကြီးဟာ လောကီဆိုင်ရာ အစီအရင်များ စီရင်ပေးခြင်း၊ ဗေဒင်ဟောပေးခြင်းတို့ကြောင့် နောက်ပိုင်းမှာ မှူးမတ် ကလန် သံပျင်များနဲ့ ပုဂံပြည်သူပြည်သားအပေါင်းတို့ဟာ တောကျောင်းဂိုဏ်းကြီးကို သဒ္ဒါလွန်ကဲစွာ လှူဒါန်းလာကြပါတယ်။ ဒီလိုလှူဒါန်းမှူတွေကြောင့် ဘုရင့်အခွန်ရရှိတဲ့ လယ်တွေပါ သာသနာမြေဖြစ်ပြီး အခွန်လွတ်သွားလ်ို့ ဘုရင့်ဘဏ္ဍာတော် ထိတဲ့အဆင့်အထိတောင် ဖြစ်ခဲ့ရတယ်။
ရာထူးတိုးလိုသူ မှုးမတ်များမှလည်း ဓာတ်ယတြာ အစီအရင်များ ရယူကြပုံရပါတယ်။ ဒါ့ကြောင့်လည်း လယ်ပယ်ထောင်များစွာ၊ ကျွန်ပေါင်းများစွာကို ထပ်မံထပ်မံဆင့်၍ လှူဒါန်းနေကြတာလို့ ယူဆရပါတယ်။ ပြီးတော့ အခွန်ရှောင်ဖို့အတွက် သာသနာ့မြေထဲစာရင်းထဲ အမည်ပြောင်းတာလည်း ပါပါမယ်။ သာသနာတော်ကို တကယ်ချီးပင့်ချင်လို့ လှူတာလည်း ပါပါမယ်။
ဒီလိုနဲ့ တောကျောင်းဂိုဏ်းကြီးဟာ အင်အားကြီးမားစွာ ထွန်းတောက်လာခဲ့ပါပြီ။ ပုဂံနေပြည်တော်အပါအဝင် ပုဂံရဲ့စပါးကျီ လယ်တွင်း( ၁၁) ခရိုင်နဲ့ မြေမဟာဒါန်တိုက်ဖြစ်ပြီး အရည်းရဟန်းတွေအင်အားကောင်းခဲ့တဲ့ ချင်းတွင်းဒေသတွေအားလုံးတို့မှာ တောကျောင်းဂိုဏ်းကြီးက နေရာယူလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဘုန်းတန်ခိုးကြီးမားခဲ့တဲ့ ရှင်မဟာကဿပကို "ဘုန်မ္လတ်ကြိစွာ မဟာကဿပ" လို့ ကျောက်စာမှာ ဖော်ပြထားပြန်ပါတယ်။ရှင်မဟာကဿပ မရှ်ိတော့တဲ့နောက်မှာလည်း ဒီတောကျောင်းဂိုဏ်းကြီဟာ ဆက်လက်ကြီးမားမြဲဖြစ်ပြီး မြေယာပိုင်ဆိုင်မှုတွေဟာ ရှင်ဘုရင်နီးပါး ဖြစ်လာပါတယ်။ လူတွေဟာ အဲဒီလောက်အထိ တောကျောင်းဂိုဏ်းကို လှူဒါန်းကိုးကွယ်ခဲ့ကြတယ်။
တောကျောင်းဂ်ိုဏ်းအနေနဲ့ ဒီလောက်အထိ စီးပွားရေးဆန်လာတာ မကောင်းပေမယ့် ယွမ်တရုတ်အင်ပါယာရဲ့ ကျူးးကျော်စစ်ပွဲကြီးအပြီးမှာ စုတ်ပြတ်ချွတ်ခြုံကျနေတဲ့ မြန်မာပြည်ကို ပြန်ထူထောင်ဖို့ ကူညီပေးခဲ့ကြတာကတော့ လေးစားဖွယ်ရာပါပဲ။ ဆွမ်းရှင် ပြည်သူတွေရဲ့ ဒုက္ခကို လစ်လျူရှုမနေပဲ လယ်ယာတွေ ပြန်လည်ဖြစ်ထွန်းလာအောင် လုပ်ပေးနိုင်ခဲ့ကြပါတယ်။
တောကျောင်းဂိုဏ်းကြီးရဲ့သခင်ပေါင်လောင်ရှင်ကဿပမထေရ်မြတ်ကြီးဟာ ယောနယ်အတွင်း ခရီးလှည့်ရင်း ပုံတောင်ပုံညာနဲ့ မဟူရာတောင်တို့ဆုံရာ ယခု ယင်းမာပင်မြို့နယ်ရှိ ကျောက်လိုဏ်ဂူတစ်ခုအတွင်းမှာ ပျံတော်မူခဲ့ပါတယ်။ ထိုကျောက်လှိုဏ်ကြီးဟာ မထေရ်ရဲ့အဓိဌာန်ချက်အတိုင်း အလိုအလျောက်ပိတ်သွားခဲ့ပြီး ယခုအခါအလောင်းတော်ကဿပအဖြစ် လူအများ လာရောက်ဖူးမျှော်နေကြပါတယ်။
ပထမပုံကတော့ ကျွန်တော်ရေးဆွဲပူဇော်ထားတဲ့ပုံပါ။
#စဝ်မိန်းထီး
-----
- မူရင်းလင့် = Click here




No comments:
Post a Comment