ပိဋကတ်တိုက်ကို အနော်ရထာမင်းကြီး (၁၀၄၄ - ၁၀၇၇) က ၁၀၅၈ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ သထုံပြည် မနူဟာမင်းဆီက ပိဋကတ်သုံးပုံ အစုံ ၃၀ ကို ဆင်ဖြူတော် ၃၂ ကောင်နဲ့ ပင့်ဆောင်ခဲ့ရတယ်။
ပုဂံသည် အပူပိုင်းဒေသ ဖြစ်တဲ့အတွက် မီးဘေး အန္တရာယ်ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ တစ်ထပ်အုတ်တိုက်အနေနဲ့ တည်ဆောက်ထားတယ်။ အောက်ခြေပတ်လည် နံရံက အ လျား ၅၁ ပေ၊ အနံ ၅၁ ပေ ဖြစ်ပါတယ်။
အရှေ့ဘက်နံရံမှာ တံခါး ၃ ပေါက်၊ ကျန်နံရံသုံးဘက်မှာ သဲကျောက် ဇာပြတင်း ၃ ပေါက်စီ ရှိတယ်။ သဲကျောက်ပြတင်း အချို့ကို သဗ္ဗညုတ ဉာဏ် ကိုယ်စားပြု ဗောဓိညောင်ရွက် ၄ ရွက်ပုံ၊ အလယ်မှာ ရဲရင့်ခြင်း ကိုယ်စားပြု ခြင်္သေ့ လည်ပြန်ပုံ ထွင်းထုထားတယ်။ ဇာပြတင်းအချို့ကို ဘုရားရှင်သည် ပဌာန်းကျမ်းကို သုံးသပ်ရင်း ညို၊ ရွှေ၊ နီ၊ ဖြူ၊ မောင်း၊ ပြိုးပြိုးပြက် ရောင်ခြည်တော် ၆ သွယ် ထွက်ပုံ ထွင်းထုထားတယ်။ ခေါင်မိုးက အမိုးလျှော ဘုံ ၅ ဆင့်ပေါ်မှာ အထွတ် ထုပိကာ တင်ထားတယ်။ အမိုးထောင့်ချိုးတိုင်းကို တုရင်ပန်းနဲ့ အ လှဆင်တယ်။
ရှေ့မျက်နှာစာမှာ စင်္ကြန်အုတ်ခုံမြင့် ထုတ်ပြီး ဝရံတာပတ်လည်နဲ့ အုတ်လှေကား ၃ စင်း တပ်ဆင်ထားတယ်။ ပိဋကတ်တိုက်အတွင်း အလယ်မဏ္ဍိုင်ကို အ ရှေ့မျက်နှာ တံခါးပေါက်ပါတဲ့ အလုံခန်း ၁ ခန်းအ ဖြစ် ဖွဲ့စည်းထားတယ်။
ပုဂံခေတ် ပိဋကတ်တိုက်ကို ၁၇၈၃ ခုနှစ်မှာ အမရပူရ မြို့ တည်နန်းတည် ဗဒုံမင်းတရားက ပြန်လည် ပြုပြင်ထိိန်းသိမ်းလိုက်လို့ ပြင်ပ အသွင်အပြင်က အမ ရပူရဟန် ဖြစ်နေပါတယ်။
ဘုရားဟော တရားတော် ပိဋကတ်သုံးပုံကို ဓမ္မစေတီအဖြစ် ရွှေ၊ ငွေ၊ ကြေး၊ ခဲပြား၊ ဆင်စွယ်နဲဲ့ သစ် စေးသားရိုးချပ်ပေါ်မှာ ကမ္ပည်းစာ ထိုးတယ်။ ပေရွက်နဲ့ စက္ကူ ပုရပိုက်ပေါ်မှာလည်း ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ပြုတယ်။ ပုဂံခေတ်က ပေပေါ်မှာ က ညစ်နဲ့ ရေးသားတဲ့ ပိဋကတ် တစ်စုံက ငွေ သုံးထောင် တန်ဖိုး ရှိတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ ပိဋကတ်သုံးပုံကို ရွှေတလား၊ သစ်သားတလားထဲမှာ ထည့်သွင်း သိမ်းဆည်းတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ပုဂံ ပိဋကတ်တိုက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး စာကြည့်တိုက်ပါ။ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ရှေး/သုဌာနကို ပုဂံသို့ ရွှေ့ပြီး၊ ပိဋကတ်တိုက်ထဲမှာ မြန်မာ့သမိုင်း သုတေသန မှတ်တမ်းတွေ သိုဝှက်ထားခဲ့ပါတယ်။ ကံကောင်းဘေးကင်း လုံခြုံခဲ့ပါတယ်။ ။
- မူရင်းလင့် = https://www.facebook.com/tin.taxila/posts/pfbid0BGJPTyKwL5KfbkAf1pJA4yuEmiwDYjHoroo1tMVyjy1XR7NbncAsnWPUDC5Ug2vpl


No comments:
Post a Comment