Monday, July 7, 2025

မြန်မာနိုင်ငံ အမည်သမိုင်း

 ရှေးမြန်မာများသည် ဧရာဝတီမြစ်အလယ်ပိုင်းသို့ အများအပြား ရွှေ့ပြောင်းလာခဲ့ကြပြီး ပုဂံပြည်ကိုတည်ထောင်ခဲ့ကြပြီး မိမိကိုယ်ကိုယ် မရမ္မဟုခေါ်ဆိုခဲ့ကြသည်။ 

"မြန်မာ"၏ အစောဆုံးအထောက်အထားမှာ ၁၁၀၂ ခုနှစ်တွင်ရေးထိုးခဲ့သော မွန်ကျောက်စာတစ်ချပ်တွင် နိုင်ငံအမည်ကို "မရမာ၊ မိုင်းရ်မာ" (Mirma/Mranma) စာလုံးပေါင်းထားသည်။ ၁၁၉၀ ခုနှစ်က ရေးထိုးခဲ့သည့် မြန်မာကျောက်စာ မှတ်တမ်းတွင်လည်း နိုင်ငံအမည်ကို "မရန်မာ"ဟု ရေးထိုးခဲ့သည်။

 
ရှေးဟောင်း ကျောက်စာများ
 
"မြန်မာ"၏ ပထမဆုံးအသုံးအနှုန်းမှာ ပုဂံမြေပေါ်တွင် တည်ရှိသော (အေဒီ ၁၀၅၉) ခုနှစ်၌ အနော်ထာမင်း တည်လောကနန္ဒာဘုရားဝင်းအတွင်းရှိ ကျောက်စာ ၂ တိုင်စိုက်ထူ ထားလေရာ ထိုကျောက်စာတွင် "မြင်မာ" ဟုရေးထိုးထားသည်ကို တွေ့ ရသည်။ ထိုကျောက်စာကို သက္ကရဇ် ၅၆၉ ခုနှစ်က ရေးထိုးခဲ့သည်။
 
တဖန် ပုဂံပြတိုက်တွင်ထားရှိသော (အေဒီ ၁၁၉၀) တွင် အမတ်ကြီး သိင်္ဃသူ ရေးထိုးခဲ့သည့် တောင်ဂူနီကျောက်စာ၏ စာကြောင်းရေ ၁၄ မှ ၂၅ အကြားတွင် အမတ်ကြီး သိင်္ဃသူသည် စည်ညှင်းတို့ဖြင့် အိပ်ယာမှ နိုးသော စည်းစိမ်ကိုလိုသဖြင့် စည်သည် ၊ ပသာသည်၊ ကုလားပန်တျာ၊ မြန်မာပန်တျာ ၂၃ ဦးလှူဒါန်းပါ ကြောင်း ရေးထိုးထားရာ 'မြန်မာ' ဟူသော ဝေါဟာရကို တွေ့ရလေ သည်။ ထိုကျောက်စာသည် လက်ရှိပုဂံပြတိုက်တွင် ပြသထားသည် ကိုလဲ တွေ့ရပါလိမ့်မည်။ 
 
သိင်္ဃသူကျောက်စာထက်စော၍ (အေဒီ ၁၁၀၂)တွင် မွန်ဘာသာဖြင့် ရေးထိုးခဲ့သော ကျန်စစ်သား နန်းတက် ကျောက်စာတွင် "မိရမာ" ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
 
ထီးလိုမင်းလို (နားတောင်းများမင်း) လက်ထက် သက္ကရာဇ် ၅၉၇ (အေဒီ ၁၂၃၅) တွင် ရေးထိုးခဲ့သော ကျောက်စာတစ်ချပ်၌လည်း တွေ့ရပြီး "မြန်မာပြည်" ဟုရေးထိုးထားသည်။ ထိုကျောက်စာသည် "ရတနာကုန်ထမ်းကျောက်စာ" ဟုအမည်ရ၍ ရှေးဟောင်း သုတေသနဦးစီးဌာနသည် ကျောက်စာအမှတ် ၄၃ ဟုနံပါတ်စဉ်တပ်ထားသည်။
 
မင်စာ
 
ကျောက်စာဖြင့် မလုံလောက်အခြား တစ်ခုထပ်ရှာရမည် ဖြစ်သဖြင့် ပုံနှိပ်စာ၊ ပေစာရှာဖွေရန် မဖြစ်နိူင်သည့်အတွက် မင်စာကို စဉ်းစားရ ပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ပုဂံဖွားစောရွာအတွင်း ဘုရားတစ်ဆူ၌ "မြံမာပြည်" ဟူသောအသုံး ကို ထိုဘုရားနံရံတွင် မင်စာဖြင့် ရေးသားသုံးစွဲခဲ့သည်။ ထို့ကြောင့်ပုဂံခေတ်အထောက်ထားများ လုံလောက်သွားပြီဖြစ်သည်။
 
ပုဂံခေတ်နောက်ပိုင်း စစ်ကိုင်း၊ ပင်းယ၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် တစ်လျှောက်လုံး ကျောက်စာ ၊ မင်စာ ၊ ပုံနှိပ်စာများတွင် မြင်မာ ၊ မြံမာ ၊ မြမ္မာဟု အမျိုးမျိုး ရေးထိုးခဲ့ကြသည်။ 
 
မြန်မာဟူသောအမည်နှင့် စပ်လျဉ်း၍ ဗြဟ္မာဟူသော အသုံးမှ ပြောင်းလဲ လာသော အမည်ဖြစ်သည်ဟု ရှေးကဝိဂြိုလ်ပြုခဲ့ဖူးသည်။ တရုတ်တို့က မြန်မာကို 'မြဲန်' ဟုခေါ်သည်။ ရှမ်းတို့က 'မန်' ဟုခေါ် သည်။
 
ကုန်းဘောင်ခေတ်ဦး ခရစ်နှစ် ၁၇၆၈ ခုနှစ် ၊ မြန်မာသက္ကရာဇ်
၁၁၃၁ ခုနှစ်တွင် ဒုတိယ ကျော်အောင်စံထားဆရာတော် ပြုစုခဲ့သော ဝေါဟာရဌပကာသနီ ကျမ်းတွင် မြန်မာဆိုသည်မှာ မြန်သည် ၊ မာသည် ဟူသည့်သဘော ဆောင်သဖြင့် မြန်မာ ဟုသာ ရေးသားသင့် ကြောင်း ရတနာပုံခေတ်တွင် ဦးမောင်မောင်တင် ပြုစုသောရွှေနန်းသုံး ဝေါဟာရအဘိဓာန် ဖွင့်ဆိုထားသည်။
 
ကုန်းဘောင်ခေတ်က မင်းတုန်းမင်းသည်လည်း မိမိကိုယ်ကိုယ် မြန်မာလူမျိုးတို့၏ဘုရင် ဟူ၍ရည်ညွှန်းခဲ့သည်။ ထိုအချိန်က မြန်မာဘုရင်တို့သည် အခြာတိုင်းရင်းသားဒေသများအထိပါ အုပ်ချုပ်နိုင်လာပြီးဖြစ်သည်။ သီပေါမင်းကိုယ်တိုင် ကျမ်းများတွင် မြမ္မာလူမျိုး၊ မြမ္မာဘာသာ၊ မြမ္မာစကားဟု ရေးသားရန် အနက်အဓိပ္ပာယ်နှင့် တကွ သတ်မှတ်ထားသည်။
 
ရှေးယခင်က "မြန်မာ"၏ ရရစ်ကို လျှာလိပ်သံဖြင့်ဖတ်သည်။ ခေတ်ကာလကြာလာသည်နှင့်အမျှ ထိုလျှာလိပ်သံမှာလည်း ပျောက်ကွယ်သွားပြီး ယခု"ယ"အသံဖြစ်လာသည်။
ထို့ကြောင့် မြန်မာဟူသော ဝေါဟာရသည် အသစ်တီထွင်၍ ရေးသားသော အသုံးနှုန်းမဟုတ်ဘဲ မြန်မာစာပေပေါ်ထွန်းခါစ ရှေးနှစ်တစ်ထောင်ခန့် ကတည်းက အသုံးပြုခဲ့သည်။
 
၁၉၁၄ ခုနှစ်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်း၌ မြန်မာ့အလင်းစာပုံနှိပ် တိုက်ကိုဖွင့်ပြီး "မြန်မာ့အလင်းသတင်း စာသစ်" (The New Light of Burma) အမည်ဖြင့် တစ်ပတ်လျှင် သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌ ထုတ်ဝေခဲ့သည်။ 
 
"ဗမာနိုင်ငံ" ဟု စာပေတွင် စတင်ရေးသားသည်မှာ ၁၉၃၀ ခုနှစ် တို့ဗမာအစည်းအရုံး ၏ ကြေညာချက်နှင့် တို့ဗမာသီချင်းတွင် ဖြစ်သည်။ 
 
"တိုင်းရင်းသား အကုန်အစင် တို့ပြည်လို့ မှတ်ထင်" ဟု ၁၉၃၀ ခုနှစ် တွင် စပ်ဆိုသော တို့ဗမာသီချင်းအရ နိုင်ငံအမည်အဖြစ် ရည်ရွယ်ကြောင်း ထင်ရှားသည်။ တို့ဗမာအစည်းအရုံး၏ တံဆိပ်တွင်လည်း "ဗမာပြည်"ဟု ထင်ရှားစွာ ရေးသားဖော်ပြထားသည်။ တို့ဗမာအစည်းအရုံးတွင် မြန်မာ၊ ရှမ်း၊ မွန်၊ တရုတ်၊ ကုလား လူမျိုးစုံပါရှိပြီး အားလုံးသည် တို့ဗမာသခင်ဘွဲ့ခံကြသည်။ 
 
ယနေ့အထိ လူသိများသော သခင်ဘတင် (ရဲဘော်ဂိုရှယ်) သည် ဘင်္ဂလီလူမျိုး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို) ၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်ငွေ (ဗိုလ်စောအောင်) သည် ရှမ်းလူမျိုး၊ သခင်ရှုမောင် (ဗိုလ်နေဝင်း) ၊ သခင်စိန်ခိုသည် တရုတ်လူမျိုး၊ သခင်ခ သည် ကုလားလူမျိုး၊ သခင်သာခင်သည် ရှမ်းကုလားကပြား ဖြစ်သည်။ 
 
ထို့အပြင် မြန်မာနိုင်ငံဟူသော အမည်သည် မြန်မာပဒေသရာဇ်နှင့် အင်္ဂလိပ်ကိုလိုနီအစိုးရတို့က သုံးစွဲသည်ဖြစ်ရာ ပဒေသရာဇ်စနစ်နှင့် ကိုလိုနီစနစ်ကို တိုက်ဖျက်သော တို့ဗမာအစည်းအရုံးက ထိုအမည်ကို ဆက်လက်မသုံးလိုကြောင်း၊၊ နိုင်ငံအမည်သစ်ကို ရှာဖွေရာတွင် "ဗမာ" ကို သုံးသော် အရပ်သား ဆင်းရဲသားတို့နှင့် နီးစပ်မှုရှိသလို ပြည်သူလူထုက အလွယ်တကူ လက်ခံနိုင်မည်ဟု ယူဆကြောင်း ရှင်းလင်းထားသည်။ 
 
ထိုကဲ့သို့ စာပေအရေးအသားပြောင်းလဲမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂက လက်ခံသော်လည်း မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာက လက်မခံပေ။ ၎င်းလုပ်ရပ်သည် မြန်မာသတ်ပုံကို ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဦးစိန်းနှင့် ဦးဘဘေက သတင်းစာများမှာ ရေးသားကြသည်။ 
 
၁၉၄၈ တွင် "ပြည်ထောင်စုမြန်မာနိုင်ငံ" ဟူသောတရားဝင်အမည်ဖြင့် လွတ်လပ်ရေးရရှိခဲ့သည်။ ထိုနှစ်ကပြဋ္ဌာန်းခဲ့သော နိုင်ငံသားဥပဒေအရ "မြန်မာ"သည် မြန်မာနိုင်ငံသားကိုသာမက လူများစု "မြန်မာတိုင်းရင်းသား" ကိုလည်းရည်ညွှန်းသည် သို့သော် ဆိုရှယ်လစ်ခေတ် ၁၉၈၂ တွင် အသစ်ရေးဆွဲခဲ့သော နိုင်ငံသားဥပဒေတွင် "မြန်မာလူမျိုး"ကို "ဗမာလူမျိုး"ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
 
အင်္ဂလိပ်ဘာသာ
............................
လွတ်လပ်ရေးရရှိချိန်က အင်္ဂလိပ်လိုရွေးချယ်ခဲ့သည့်အမည်သည် Burma ဖြစ်သည်။ နိုင်ငံနာမည် အင်္ဂလိပ်လို “Burma” ဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့သည်။ စကားလုံးရဲ့ မူရင်းနဲ့ ရှေ့ကွင်းဆက် သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေ ကတည်းက ဖြစ်သည်။
 
အိန္ဒိယမှာရှိတဲ့ လူမျိုးတွေက မြန်မာ တွေကို ဗရမာ၊ ဗြဟ္မာ၊ စာကို ဘာရမီလို့ ခေါ်ကြသည်။ 
 
ဒါဟာ မြန်မာ တွေ မိမိကိုယ်ကိုယ် ညွှန်းဆိုတဲ့ စကား (စာပေ မဟုတ်) အရ သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်သည်။ ဒီ အိန္ဒိယ အခေါ်ကို ၁၆၊ ၁၇ ရာစုလောက်မှာ အိန္ဒိယသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ပေါ်တူဂီ လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ) တွေကို သူတို့ အသံထွက်နဲ့ ဘာမင်နီယား (Birmania) လို့ ခေါ်သည်။ ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက (၁၈) ရာစု လောက်မှာ ထပ်မံမွေးစားပြီး မြန်မာ တွေ နေထိုင်တဲ့ နေရာဟာ ဘားမား (Burma) ဖြစ်လာသည်။
 
တချို့က ဗမာသည် ဗြဟ္မာမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ယင်း "ဗြဟ္မာ"စကားလုံးသည်ပင်လျှင် အိန္ဒိယဝေါဟာရဖြစ်သည်။ အိန္ဒိယသားတို့က ဗြဟ္မပုတ္တရမြစ် Brahmaputra River အရှေ့ဘက် ဒေသတခွင်လုံးကို ဗြဟ္မာဒေသဟု ခေါ်ကြောင်း၊ ဆင်မြစ်ကို ဧရာဝတီဟု ခေါ်ကြောင်း သိရသည်။ (ဧရာဝဏ် = ဆင်၊ ဝတီ = မြစ်၊ ဗြဟ္မ = မြတ်သော၊ ပုတ္တရ = သား)။ အိန္ဒိယသားတို့သည် ပျူခေတ်ကပင် ကုန်သွယ်ကူးလူးဆက်ဆံမှုများ ရှိခဲ့ရာ ၎င်းတို့ ဘာသာစကားများ ရောနှောလာသည်မှာ သဘာဝပင် ဖြစ်သည်။ 
 
သမိုင်းကျောက်စာ အထောက်အထား၊ သုတေသန အရ စဝင်လာခဲ့တဲ့ အချိန်မှာ အထက်မှာ ဆိုခဲ့သလို “မြန်မာ” လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ “မြန်မာ” က မူလ၊ “ဗမာ” က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
 
ဘယ် နိုင်ငံခြားသား မဆို မြန်မာ လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ “ဗမာ” ကို သူတို့လျှာနဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုမှာသာဖြစ်သည်။ ဒါပေမယ့် ဒီနေရာမှာ သူတို့ မဖတ်တတ်တဲ့ စာပေ အရေးအသားမှာ အများစု သုံးတဲ့ “မြန်မာ” ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမည်။ ဒါကြောင့် လူမျိုးခြား အားလုံးက မြန်မာ တွေကို ခေါ်တဲ့ နေရာမှာ စကားသံ “ဗမာ” ကိုပဲ အခြေပြု ခေါ်ခဲ့သည်။ ဥပမာ – ထိုင်းတွေက မြန်မာ တွေကို “ဖမ” လို့ခေါ်သည်။ တရုတ်ဘာသာတွင် မြန်မာအမည်ကို ပထမဆုံး‌တွေ့ရှိမှုမှာ ၁၂၇၃ တွင်ဖြစ်ပြီး 緬 (အသံထွက် မြန်) ဟူ၍ရေးထားသည်။ ယခုတွင် မြန်မာကို 緬甸 (အသံထွက်မြန်တျန့်) ဟူ၍ ရေးလျက်ရှိသည်။ 
 
ဗီယက်နမ်ဘာသာတွင်လည်း Miến Điện ဟူ၍ရေးပြီး ထိုတရုတ်ခေါ်အဝေါ်မှ ဆင်းသက်လာသည်။ အာသံဘာသာတွင် အာဟုမ်ပြည် (Ahom kingdom) ၏ ဘုရင်သုကဖာမင်း (Sukaphaa) သည် မြန်မာပြည်ကို စတင်တွေ့ရှိစဉ်က মান দেশ Man Dex ("မန်းနိုင်ငံ") ဟူ၍ခေါ်ဆိုသည်။ အာသံပြည်ကို မြန်မာတို့ကျူးကျော်သည့်ကာလများကို মানৰ দিন (မန်းတို့၏နေ့ရက်များ) ဟုခေါ်ဆိုကြသည်။
 
အင်္ဂလိပ်စာလုံးပေါင်းမှာ “Burma” ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုး ရှိခဲ့သည်။ ဥပမာ – Bermah, Birmah, Brama, Burmah။ နောက်ပိုင်းကျမှ လူမျိုးနာမည် “Burma” က အတည်ဖြစ်ပြီး ကိုလိုနီ ဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံနာမည်ပါ “Burma” ဆိုပြီး တရားဝင် ရုံးသုံး အခေါ်ဖြစ်လာခဲ့သည်။ မြန်မာ လူမျိုးကိုတော့ “Burman/ Burmese” ဆိုပြီး သုံးနှုန်းခဲ့သည်။
 
နောက်ပိုင်းတွင် "Burma" စာလုံးပေါင်းသည် စံဖြစ်လာခဲ့သည်။ ၁၉၄၈ တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်စာလုံးပေါင်းမှာ "Union of Burma" ဟူသော တရားဝင်အမည်ဖြင့် လွတ်လပ်ရေးရရှိခဲ့သည်။ ထို့အပြင် ၁၉၈၉ ခုနှစ်တွင်လည်း တရားဝင်အမည်ကို "Union of Myanmar" ဟူ၍လည်းထက်မံပြောင်းလဲခဲ့သည်။ အင်္ဂလိပ်အမည်သစ် "Myanmar" ကို ကုလသမဂ္ဂက အသိအမှတ်ပြု၍ အမည်ပြောင်းကြောင်း ကြေညာချက်အပြီး ငါးရက်အတွင်း အဖွဲ့ဝင်နိုင်ငံများလည်း ထိုအမည်သစ်ကို သုံးနှုန်းသင့်‌ကြောင်း တိုက်တွန်းခဲ့သည်။
၂၀၁၀ ခုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံရေးသမားများသည် "Myanmar" အခေါ်အဝေါ်ကို စတင်သုံးစွဲလာခဲ့ကြသည်။ အာဆီယံအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ ဂျာမနီ၊ ဩစတြေးလျ၊ ကနေဒါနှင့် ရုရှားအစိုးရများက "Myanmar" ကို တရားဝင်အမည်အဖြစ် အသိအမှတ်ပြုသည်။ သို့သော် အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ နှင့် နိုင်ငံခြား အခြေစိုက် မြန်မာအဖွဲ့အစည်းပိုင် သတင်းဌာနများသည် မြန်မာနိုင်ငံကို ကိုလိုနီခေတ် အသုံးအနှုန်းဖြစ်သည့် "Burma" ဟူ၍သာ ဆက်လက်ခေါ်ဝေါ်သုံးစွဲနေသည်။
 
Ref:
Hall၊ DGE (1960)။ "Pre-Pagan Burma"။ Burma
တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့ (၁၉၇၆)။ တို့ဗမာအစည်းအရုံးသမိုင်း။ ရန်ကုန်: ထင်ကြည်။
BBC, "နှစ် ၉ဝ က တို့ဗမာဝါဒ"
ပုဂံကျောက်စာများ
မြန်မာဟူသောအမည်
Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
Teng၊ Tiffany။ Why This Beautiful Country Is Known by Two Names
Houtman၊ Gustaaf (1999)။ Mental culture in Burmese crisis politics
Scrivener၊ Leslie။ "The Burma question
Dittmer၊ Lowell (2010)။ Burma Or Myanmar? The Struggle for National Identity
Follow Zaw to feed your curiosity with intriguing stories from History that will keep you informed and entertained.
 
===============
 
  • မြန်မာ၊ မြမ္မာ၊ ဗမာ ရေးထုံးအကြောင်းကို
  • ဦးသာမြတ်၏ ပေါရာဏအဘိဓာန် (နှာ - ၂၁၆) တွင်လည်း ရှု့ပါ။ 

No comments:

Post a Comment

ကျောက်စာတွေထဲက ပုဂံ

 ဦးရဲထွဋ် “ ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ (၅)၊ ရေးသူ နီတွတ် ရတနာပုံ သမိုင်းပါမောက္ခ ( ၂၀၀၅-၂၀၁၅) ပန်းဆိုးတန်း Book Tree စာအုပ်ဆိုင်မှာ စာ...